အီဂျစ်ဖာရိုဘုရင်တွေထဲမှာတော့ တူတန်ခမန် ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ နတ်ရွာစံခဲ့တဲ့ ဘုရင်လေး ဖြစ်ပါတယ်။ ခရစ်တော် မပေါ်ခင် နှစ်ပေါင်း ၁၃၀၀ ကျော်လောက်မှာ သူ နန်းတက်ပါတယ်။ ပြီးတော့ ၁၈ နှစ်အရွယ်မှာ နတ်ရွာစံပါတယ်။ သူနတ်ရွာစံပြီးတဲ့နောက် နှစ်တွေကြာတော့ သူ့ဗိမာန် တည်နေရာလည်း ကွယ်ပျောက်ခဲ့ရပါတယ်။ ဒါကလည်း တစ်မျိုးကောင်းတယ်လို့ ယူဆရမလိုပါ။ ဘာကြောင့်လည်း ဆိုတော့ ဂူဗိမာန်ဖောက်တတ်တဲ့ သူခိုးတွေ ရန်ကနေ သူ့ ရုပ်အလောင်းမမ်မီ နဲ့ ရွှေထည်တွေ အပါအဝင် တန်ဖိုးကြီး ပစ္စည်းတွေ ဘေးကင်းခဲ့ပါတယ်။ အခု ဖော်ပြမယ့် အကြောင်းကတော့ သူ့မမ်မီနဲ့ သမိုင်းတန်ဖိုး မဖြတ်နိုင်တဲ့ ပစ္စည်းတွေနဲ့သူ့ ဂူဗိမာန်ကို တွေ့ပြီးတဲ့နောက်မှ လူတွေက သူ့အကြောင်း အပြည့်အဝ သိကြရတာ ဖြစ်ပါတယ်။ သူ့ဗိမာန်ကို ၁၉၂၂ မှာ တွေ့ခဲ့ပါတယ်။
သူ့ အသက် ၁၀ နှစ် ဒါမှမဟုတ် ၉ နှစ်မှာ နန်းတက်ခဲ့တယ်လို့ ပြောကြပါတယ်။ သူ့ရဲ့ အဖေကတော့ အခီနာတန် (Akhenaten) ဘုရင် ဖြစ်ပြီး စတုတ္ထမြောက် အာမန်ဟိုတပ် (Amenhotep IV) အဖြစ် လူသိများပါတယ်။ သူ့ရဲ့ အမေကတော့ နဖာတီတီ မိဖုရား ဖြစ်ပါတယ်။ ငယ်ငယ်က နာမည်ကတော့ တူတန်ခမန် မဟုတ်ပါဘူး။ တူတန်ခတန် (Tutankhaten) ဖြစ်ပါတယ်။
သူဟာ Nebkheperure နာမည်နဲ့ နန်းတက်ပါတယ်။ သူ့ရဲ့ မိဖုရားကတော့ အစ်မ တစ်ဝမ်းကွဲ တော်စပ်တဲ့ Ankhesenpaaten ပါ။ နောက်ပိုင်းမှာ သူ့မိဖုရားက သူ့ယောကျာင်္းရဲ့ ကိုးကွယ်မှုကို လိုက်ပြီး သူ့နာမည်ကို Ankhesenamun လို့ ပြောင်းခဲ့ပါတယ်။ တူတန်ခတန် ဘုရင်လေး ကိုယ်တိုင်က သူ့နာမည်ကို တူတန်ခတန် ကနေ ရှင်သန်နေတဲံ Amun ရဲ့ ပုံရိပ်လို့ အဓိပ္ပာယ်ရတဲ့ တူတန်ခမန် (Tutankhamun) အဖြစ် ပြောင်းခဲ့တာကိုး။ ဒါကလည်း အကြောင်းရှိပါတယ်။ ဘုရင်လေးဟာ အရင်က သူ့ ဖခင် အာမန်ဟိုတပ် ရဲ့ ကိုးကွယ်မှု ဖြစ်တဲ့ Aten နတ်ဘုရားကို ကိုးကွယ်တာမို့ သူ့နာမည်ကလည်း တူတန်ခတန် ဖြစ်နေခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ Amun နတ်ဘုရားကို ပြောင်းလဲကိုးကွယ်တာမို့ ခတန် ကနေ ခမန် ဆိုပြီး နာမည်ပြောင်းခဲ့တာ ဖြစ်ပါတယ်။
စိတ်မကောင်းစရာ တစ်ချက်ဟာ ဘုရင်ကလေးဟာ သားသမီး မရရှာပါဘူး။ သူ့မိဖုရားဟာ ကိုယ်ဝန်နှစ်ခါ လွယ်ခဲ့ရပြီး ကိုယ်ဝန် ငါးလ ဒါမှမဟုတ် ခြောက်လ မှာ တစ်ခါ၊ နောက်ကိုယ်ဝန်တစ်ခုက ၉ လ အထိ လွယ်ခဲ့ရပေမယ့် ပျက်ကျသွားတာ ဖြစ်နိုင်တယ်လို့ ၂၀၁၁ ခုနှစ်က ထုတ်ပြန်တဲ့ လေ့လာချက် တစ်ခုမှာ ဖော်ပြထားပါတယ်။
တူတန်ခတန် နန်းတက်စ ကာလမှာ သူ့အသက်က ဘုရင်တစ်ပါး ဖြစ်ဖို့ အတွက်တော့ သိပ်ကို ငယ်ရွယ်လွန်းပါသေးတယ်။ ပြီးတော့ နိုင်ငံရေး အရလည်း ဒီအသက်အရွယ်ဟာ အမြတ်ထုတ်လို့ ကောင်းပုံပါပဲ။ ဒါကြောင့် တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး ကိစ္စတွေဟာ သူ့အမေရဲ့ အဖေ လို့ ပြောကြတဲ့ သူ့အဖိုး Ay နဲ့ Ay ရဲ့ သမက်လို့ ယူဆကြတဲ့ ဗိုလ်ချုပ် Horemheb တို့ရဲ့ လက်ထဲမှာပဲ ရှိနေခဲ့ပါတယ်။ ဘာကြောင့် နိုင်ငံရေး အမြတ်ထုတ်လို့ ပြောနိုင်သလဲ ဆိုတော့ တူတန်ခမန် နတ်ရွာစံပြီးတော့ Ay က ဖာရိုဘုရင်ဖြစ်လာသလို သူ့နောက်မှာ ဗိုလ်ချုပ် Horemheb တို့က အစဉ်တိုင်း ဘုရင်ဖြစ်လာကြပါတယ်။
ကိုရီးယားကားလို သုံးသပ်ရမယ် ဆိုရင်တော့ နန်းမွေဆက်ခံမယ့် ကလေးမရအောင် Ay နဲ့ သူ့လူတွေက လုပ်တာလား ဆိုတာလည်း စိတ်ဝင်စားစရာပါ။ (ကိုရီယား ပရိတ်သတ်များ အတွက်
)
အမှန်တော့ တူတန်ခမန် ဟာ အဲ့ဒီခေတ် ဘုရင်ထုံးတမ်းအရ အစဉ်အတိုင်းမို့ သူ့အဖေ နတ်ရွာစံပြီးနောက် ဘုရင့်သားတော် မင်းသားဘဝကနေ ပြည့်ရှင်မင်းတရားကြီး ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဘုရင်ကလေးဟာ ဒေါသထွက်လွယ်တယ် လို့ မှတ်တမ်းတင်ထားတဲ့ မှတ်တမ်းတချို့ရှိပါတယ်။ ဒါဟာလည်း အသက် ငယ်လွန်းတဲ့ အတွက် ရာဇမာန် ပြင်းထန်တာ အပြင် ရောဂါချူချာတာကြောင့် ဖြစ်နိုင်ပါတယ်။
ဘုရင်ကလေးဟာ စီမံကိန်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။ အထူးခြားဆုံးကတော့ မြို့တော်ကို Karnak ကနေ Thebes ကို ပြောင်းခဲ့တာ ဖြစ်ပါတယ်။ Amun နတ်ဘုရားအတွက် ကျောင်းတော်ဆောက်လုပ်ပါတယ်။ ဘုရင်ကလေး လက်ထက်မှာ အရင်က ပွဲတော်တွေဖြစ်တဲ့ Apis Bull၊ Horemakhet နဲ့ Opet နတ်ဘုရားတို့ရဲ့ ပွဲတော်တွေကို ပြန်လုပ်ခဲ့ပါတယ်။
ဘုရင်ကလေး လက်ထက်မှာ တိုင်းပြည်စီးပွားရေး အားနည်းပါတယ်။ ဒါပေမယ့် တခြား နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်အောင် ထူထောင်နိုင်ပါတယ်။ ဒါကိုတော့ သူ့ဂူဗိမာန်ထဲက တခြားနိုင်ငံတွေရဲ့ လက်ဆောင်ပစ္စည်းတွေကို ကြည့်ပြီး ပညာရှင်တွေ ဆုံးဖြတ်ကြတာပါ။ သူ့လက်ထက်မှာ Nubians လူမျိုး၊ Asiatics လူမျိုးတွေနဲ့ စစ်ခင်းခဲ့ရတယ်လို့ သူ့လှူခဲ့တဲ့ ဘုရားကျောင်း တစ်ခုမှာ မှတ်တမ်းတင်ထားပါတယ်။ သူ့ရဲ့ ဂူဗိမာန်မှာ တိုက်ပွဲဝင် ဝတ်စုံနဲ့ စစ်ပွဲအတွင်း အသုံးပြုတဲ့ ထိုင်ခုံတို့ကို တွေ့ကြရပါတယ်။ ဒါပေမယ့် ပညာရှင်တွေ့ကတော့ အဲ့ဒီစစ်ပွဲတွေမှာ သူကိုယ်တိုင် မပါခဲ့ဘူးလို့ သုံးသပ်ခဲ့ကြပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ဘုရင်ကလေးဟာ မသန်စွမ်းဖြစ်နေပြီး လမ်းလျှောက်ဖို့ လက်ကိုင်တုတ်ကို အသုံးပြုရလို့ပါ။
တူတန်ခမန် အရပ် ငါးပေနဲ့ ၁၁ က်မ ရှိပါတယ်။ ၂၀၀၇ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်ကြားမှာ တူတန်ခမန်ရဲ့ မမ်မီကို လေ့လာသုတေပြုခဲ့ပြီး ရလာဒ်ကို ထုတ်ပြန်ခဲ့ကြပါတယ်။ ထူးခြားတာက အဲ့ဒီ ရလာဒ်အရ တူတန်ခမန်ဟာ မွေးရာပါ နှာခမ်းကွဲ အာခေါင်ကွဲ ဖြစ်နေပြီး ခါးရိုးလည်း စောင်းနေတာ ဖြစ်နိုင်တယ်လို့ ထုတ်ဖော်ခဲ့ကြပါတယ်။ နောက် ဘယ်ဘက် ခြေကျင်ဝတ်မှာလည်း မူမမှန်တာမျိုး တွေ့ရပြီး လမ်းလျှောက်တုတ်ကို ဘုရင်ကလေး အားကိုးရတယ် ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဘယ်ဘက် ခြေထောက် ပြင်းပြင်းထန်ထန် ကျိုးထားတာလည်း တွေ့ရပါတယ်။ သူ့ဂူဗိမာန်ထဲမှာ တွေ့ရတဲ့ လမ်းလျှောက်တုတ် အမြောက်အမြားက ဒါကို သက်သေခံနေပါတယ်။
တူတန်ခမန်ရဲ့ နောက်ဆုံးနေ့နဲ့ ပတ်သက်ပြီး မှတ်တမ်း မှတ်ရာ မရှိပါဘူး။ သူ့ DNA ထဲမှာ တွေ့ရတဲ့ သက်သေအရ ငှက်ဖျားကြောင့် သေသလား မတော်တဆ မှုလား ဆိုတာ ဘယ်သူမှ မခန့်နိုင်ခဲ့ပါဘူ။ ဒါပေမယ့် တူတန်ခမန်ရဲ့ ဘယ်ဘက်ခြေထောက် ပြင်းပြင်းထန်ထန်ကျိုးထားတာက စိတ်ဝင်စားရာ ကောင်းလာပါတယ်။ ရောဂါကြောင့် သေတယ်လို့ ခန့်မှန်းတာ ရှိသလို သူ့ခေါင်းထဲ အရိုးစ တွေ့တဲ့ အတွက် လုပ်ကြံခံရသလား လို့ သံသယ ဝင်တာတွေလည်း ရှိပါတယ်။
အခုထိလည်း ငြင်းနေကြတုန်းပါ . . . .
အခုထိလည်း ငြင်းနေကြတုန်းပါ . . . .
ကံကြမ္မာဆိုးနဲ့ ရောဂါသည်ဘုရင်လေး တူတန်ခမန်
Reviewed by Lone Gyi Pauk Hla
on
September 25, 2017
Rating:
Reviewed by Lone Gyi Pauk Hla
on
September 25, 2017
Rating:



No comments: