ဓာတ်ဆီ၊ ဓာတ်ဆံ ဟာသ ပြက်လုံးအချို့

(စာဖတ်သူများ အတွက် လူရွှင်တော်ကြီးများ ဖြစ်သည့် ဓာတ်ဆီ၊ ဓာတ်ဆံတို့၏ ပြက်လုံးအချို့ကို ဖော်ပြပေးလိုက်ပါသည်)

- ဗျို့ ကိုဓာတ်ဆီ ကျန်းမာရဲ့လား ခင်ဗျာ။
- ကျန်းမာပါရဲ့ခင်ဗျာ ကြမ်းမာဆို အောက်က ပျဉ်ခင်းကိုးဗျ။
- အံမယ်လေး အောက်က ပျဉ်ခင်းဆိုတော့ ခင်ဗျားတို့ အရင် အိမ်မဟုတ်ဘဲ ဇရပ်ရွှေ့သွားပြီထင်တယ်။
- ဟုတ်ကဲ့ ဇရပ်ရွှေ့ဆို ကျွန်တော် ဆောက်ထားတဲ့ တိုက်က မပြီးသေးလို့ဗျို့
- ခင်ဗျား တိုက်က ပြီးခဲရောပေါ့ဗျာ . . .အိမ်သာပျက်က အုတ်ကျိုး အုတ်ပဲ့တွေကောက်တည်နေတာ ထင်ပါရဲ့
- တော်ပါခင်ဗျာ။ ခင်ဗျားရှေ့ ကြွားမိရင် တကတည်းပေါ်ကုန်တာပဲ လူဆိုတာ မော်မှ ပေါ်တယ်။ ပေါ်မှ ကျော်တယ်။ ကျော်မှ ကော်တယ် ကိုဓာတ်ဆံရဲ့။
- ဟုတ်တယ် ကိုဓာတ်ဆီရေ ကုတ်ရင် စုတ်တာပဲ၊ စုတ်ရင် နုတ်မှာပဲ၊ နုတ်ရင် မြုပ်သွားမှာပဲ ဗျ။
- ကာလက ကြွားနိုင် ဝါနိုင်မှ တကယ့်ခေါင်းဆောင်ကြီး အောက်မေ့ပြီး နောက်လိုက်ပါတီတွေ များတာဗျ။ ကျုပ်ကို မြှောက်ပေးရင် ကျုပ်က ခြေဖျား ထောက်ပြီး သွားရော။ ဒါမှ ဖနောင့် သံစူးမှန်းသိရော။
- ဒါဖြင့်ဗျာ ကျုပ်က မြှောက်ပေးပါ့မယ်။ နောက် လူကြီးဖြစ်လာရင်သာ ဝါးရင်းတုတ် နဲ့မဆုံးမ ပါနဲ့။
- ကိုင်းဗျာ ကျုပ်ကလည်း ဝါးရင်းတုတ်နဲ့ မဆုံးမပါဘူး။ ခင်ဗျားကလည်း ကျူပ် သံပုံးတီး မထုတ်ပါနဲ့။
- စိတ်ချဗျာ။ သံပုံးမတီးပါဘူး။ တိုင်းပြည်အကျိုးရှိအောင်သာ ပြည့်တန်ဆာမ ဥပဒေ အတည်ပြုပေးပါ ခင်ဗျာ။
- ဒါတော့ ကျူပ်ရာထူး ရလို့ရှိရင် ဥပဒေအတည်ပြုပေးလိုက်ရင် တိုင်းပြည်က အကျိုးရှိအောင် ဆေးရုံက ထောက်ခံပါလိမ့်မယ် ခင်ဗျာ။
- ကိုင်း ဒါဖြင့် အလုပ်လက်မဲ့နဲ့ ဆင်းရဲသားတွေ ကျုပ်စုပေးမယ် အာဏာရှင်အခေါ်ခံပြီး ဝရမ်းပြေးလုပ် ပုန်းနေပါတော့လား ဗျ။
- အာဏာရှင် ဖြစ်ဖို့ရာ မခဲယဉ်းပါဘူးဗျ။ ကြံတစ်ပဲဖိုးလောက် စုပ်ရင် အာရှပြီး နာကုန်တာပေါ့။
- ဘာဖြစ်လို့ ကြံဝယ်စုပ်မလဲဗျ။ ကောက်ညှင်း နှစ်ပြားဖိုးဝယ်စားလိုက်လို့ ရှိရင် လေပူမှုတ် ဓာတ်ချုပ်ပြီးတော့ အာနာရုံမကဘူး သွားဖုံးမှာတောင် ယောင်လာဦးမယ် ဗျာ။
- ဒါဖြင့် အသင်းတည်ထောင်ရအောင်ဗျာ။ ခင်ဗျားက စကက်ထေတေရီ (မူရင်းအသံထွက်) လုပ်။ ကျုပ်က ဥက္ကဋ္ဌလုပ်မယ်။
- ကောင်းပြီ ကောင်းပြီ။ ဒါဖြင့် ခင်ဗျား ဝါဒ ကျုပ်ဝါဒ တူလား ပြောစမ်းပါ့လေ။
- ကျုပ်က ဆင်းရဲသားဝါတတ်ပေါ့။
- ဘယ်လို ဆင်းရဲသား ဝါတတ်လဲ ဗျ။
- သည်လို ကိုဓာတ်ဆံရေ။ ကျုပ်တို့ အသင်းထဲက ဆင်းရဲသားတွေ ဘာမှ မကြောက်ကြနဲ့။ ကျုပ်ကိုသာ အာဏာရှင် ဖြစ်အောင် မြှောက်ပေး။ ခင်ဗျားတို့မြေဧက ငါးဆယ်စီ ပေးမယ်။ ပြီးတော့ ဘာညာ ပေးမယ် ဆို
ပြီး ဝါတတ်လို့ ဆင်းရဲသား ဝါတတ်တဲ့။
- အောင်မယ်လေး အောင်မလေး ဒါဖြင့် ကျုပ်က ဆိုရှယ်အလစ်ဝါဒ ဗျ။
- ဘယ်လိုလဲ ပြောစမ်းပါဦ။
- ဆိုရှယ်အလစ်ဆိုတာ ဒီလို ကိုဓာတ်ဆီရေ။ ကျုပ်တို့ အသင်းထဲ ဝင်လို့ တစ်ယောက်နဲ့ တစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် ဆိုရှယ်ဖြစ်ကြရော။ ဆိုရှယ်ဖြစ်တော့ ဒီလူမှာ ပါလာတဲ့ ပစ္စည်းတွေကို ကျုပ်က အလစ်သုတ်မယ် ကြံလို့ ဒါကြောင့် ဆိုရှယ်အလစ် တဲ့ ဗျာ။
- ဒါဖြင့် ဝါဒချင်းတော့ တူပြီ။ လက်ချာ ပေး။ ကောင်းရဲ့ မကောင်းရဲ့ ဆိုတာ နားထောင်စမ်းဗျာ။
- ကောင်းပြီ။ ကျွန်တော် အားလုံး လူကြီးမင်းများ တောင်းပန်ပေးမယ်။ ယခု ကြွလာတော့ မူသော လူကြီးများ ခင်ဗျာ။ ကျွန်တော်တို့ ဥက္ကဋ္ဌ ကိုဓာတ်ဆီက လက်ချာများ ပေးပါလိမ့်မယ်။ ခဲတံနဲ့ စာရွက်အလွတ်ကလေးများကို ထုတ်ပြီး သကာလ ငြိမ်ငြိမ်ကလေး နားပိတ်ပြီး နေကြပါ ခင်ဗျာ။
(စားပွဲပေါ် တူထုသံ ထွက်ပေါ်လာသည်)
- အားလုံး လူကြီးမင်းများ ခင်ဗျာ။ ယခု အစည်းအဝေးကြီး ကြွလာတာ ခြေထောက် ဘာစူးမိလို့တုန်း။ ကျွန်တော်တို့ အသင်းကြီးမှာ လူကြီးတွေ အားလုံး စုတာ ဝမ်းသာပါတယ်။ ယခုလို စုံမှ ကောင်းတယ်။ ကျွန်တော် က လေးကောင်ဂျင် မကစားတတ်ဘူး။ ကျွန်တော်၏ ရည်ရွယ်ချက်က အမျိုးသားတွေထ ကြပါတော့လား။ မိုးလင်းပြီ။ ဆင်းရဲသားတွေ နစ်နာတာ ပြရမယ် ဆိုရင်နစ်နာတာ ဖောင်တိန်လွတ်ကျတုန်းက သာ နစ်နာတယ်။ ကျုပ်တို့ အသင်းက လိုတာရအောင် သပိတ်လက်ကိုင်ထားရမယ်။ ဘာဖြစ်လို့တုန်းဆိုတော့ သပိတ်လက်ကိုင်ထားခြင်းဟာ ဆွမ်းခံထွက်ဖို့ ပါပဲ။
- ဥက္ကဋ္ဌကြီးက သပိတ်ကို လက်ကိုင်ထားတာ ဆွမ်းခံထွက်ဖို့လို့ ဆိုတာ ထောင်ကို ကျမှာ စိုးလို့ ဝိနည်းရှောင် ပြောတယ်လို့ ကျွန်တော် ဆိုလိုပါတယ်။
- ကျွန်တော် ထောင်ကျမှာ မကြောက်ပါဘူး။ ကျွန်တော်ကိုယ်တိုင် ခေါင်းဆောင်ပြီးတော့သပိတ်မှောက်မယ်။ ဘာပြုလို့ သပိတ်မှောက်မလဲ။ သပိတ်မှောက်ချိန်လည်း တန်ပြီ။ ဘုန်းကြီးတွေ ဆွမ်းဘုန်းပေးပြီးလို့။
- ကောင်းတယ် ပြောရင်း ဆိုရင်း ကျွန်တော်တို့ အသင်းက ကပ္ပိယ အသင်း ဖြစ်သွားတာပဲ။ သို့သော် ကပ္ပိယ ဖြစ်ဖြစ် ရေသည် ဖြစ်ဖြစ် အနှိပ်သည် ဖြစ်ဖြစ် စည်းလုံးညီညွတ်လို့ ကျောတွေ ကပ်ရရင် မုချ ဝဲတွေတော့ ကူးကုန်မှာပဲ။ ယခုန စကက်ထေတေရီ (မူရင်း အသံထွက်) မင်းက ထောင်ကျမှာ ကြောက်တယ်လို့ စွပ်စွဲပါတယ်။ သို့သော် ကျွန်တော် မကြောက်ပါဘူး။ ထောင်ကျမှာ မကြောက်လို့ ပျဉ်စွန်းကလေးပေါ်
ကျွန်တော် တက်နင်းနေတာပေါ့။ သို့သော် အလကားပြောတာဗျာ။ အမျိုးသား အတွက်နဲ့
ဆိုရင် ကျွန်တော် စွန့်ရဲပါတယ်။ ယခု သေနတ်နဲ့ ပစ်လိုက်ပါ။ ရင်ကော့ပေးပါမယ်။ သို့သော်
ကျည်ဆံတော့ မထည့်နဲ့။
- ဥက္ကဋ္ဌကြီး ဒီလိုစွန့်လိမ့်မယ် ဆိုတာ ဆွမ်းတော်တင်ကတည်းက ကျွန်တော် သိပါတယ်ခင်ဗျာ။
- သို့သော် ဒီလို စွန့်ရဲတယ် ဆိုပေမယ့် သေနတ်နဲ့ ပစ်မယ်ကြံ ရှေ့က သဲအိတ်တွေ နှစ်ထပ် သုံးထပ် နားဂွမ်းဆို့ဦးမှ။ အလို့ ဒိုင်းကနဲ့ဆို ကျုပ်က ထ ပြေးမယ့်ကောင်။
- အံမယ်လေး သွေးထွက်သံယို မကြည့်ရဲပါဘူး ဥက္ကဋ္ဌကြီးရယ်။ နောက် အစာငတ်မခံပါနဲ့တော့။
- ကျွန်တော်အကြံပေးလိုတာက အမျိုးသားတွေ တဆင့်ထက် တဆင့် မြင့်ဖို့ပါပဲ။ ပထမမြင့်အောင် ကြံခြင်းက အိမ်ငှားရင် အပေါ်ထပ် ငှားကြပါ။ ဒုတိယ မြင့်အောင် ကြံခြင်းက အိမ်ခေါင်မိုးပေါ် ထုံးသုတ်ကြပါ။ တတိယ မြင့်အောင်ကြံခြင်းက ဦးခန္တီတောင်ပေါ်မယ်လင်းနို့ချေး ကြုံးဖို့ ပါပဲ။ စတုတ္ထမြင့်အောင် ကြံခြင်း ဦးကျော်ရင် မီးပုံးပျံ
စီးတဲ့ အခါ ခြေသလုံးဖက်လိုက်သွားရ မကောင်းဘူးလားဗျ။
- ဒီလောက်တောင် သတ္တိကောင်းရင်ဗျာ ကျုပ်မိန်းမ ဈေးရောင်းတာ ထိုင်စားနေမှာပေါ့။

ဓာတ်ဆီ၊ ဓာတ်ဆံ ဟာသ ပြက်လုံးအချို့ ဓာတ်ဆီ၊ ဓာတ်ဆံ ဟာသ ပြက်လုံးအချို့ Reviewed by Lone Gyi Pauk Hla on September 26, 2017 Rating: 5

No comments:

Powered by Blogger.