အခု လက်နဲ့ထိရင် ရောဂါပျောက်တယ် ဆိုတဲ့ ကလေးပေါ်လာတော့ ငယ်ငယ်တုန်းက ကလေးအကြောင်းကို သတိရမိတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကလည်း ဒီလို ကလေးမျိုး ပေါ်ဖူးတယ်။ အဲ့ဒီကလေးကျတော့ ဒီကလေးလို မဟုတ်ဘူး။ သူ့လက်နဲ့ ထိရင် ဆေးဖြစ်ကုန်သတဲ့။ ဇော်ဂျီပါရမီပါ ဆိုသကိုး။ နာမည်ကလည်း ဇော်ဂျီလေး ဆိုပါတော့။
သူ့ဆီ တော်တော်များများ သွားပြီး ဆေးသွားဝယ်ကြ တောင်းကြတယ်။ ဆေးကလည်း သိပ်မထူးပါဘူး။ ဗလာစာအုပ်တစ်အုပ်ပေးလိုက်။ သူ့လက်နဲ့ ထိပြီးရင် အဲ့ဒါ ဆေးဖြစ်တာပဲ။ စက္ကူကို အင်္ဂလိပ်ဆေးများလို လုံးပြီး မြိုချရတာ။ ပြီးတော့ ရေသန့်ဘူး တစ်ဘူး ပေးလိုက်။ သူ့လက်ထိလိုက်ရင် အဲ့ဒါ လိမ်းဆေးပဲ။ အဲ့ဒီရေ ကို ရောဂါမပျောက်မချင်း အမုန်းလိမ်းပေတော့။
ဇာတ်လမ်းဖြစ်လာပုံကလေးကလည်း သဘောကျစရာ အကောင်းတယ်။ ဂမ္ဘီရ ဆန်တာကိုး။ တစ်နေ့ အဲ့ဒီကလေး အိပ်နေတုန်း အထက်ပုဂ္ဂိုလ်လို့ ယူဆရသူတစ်ဦးက သူ့ မစင်ကို စားခိုင်းသတဲ့။ အိမ်မက်ထဲမှာ စားလိုက်ပြီးတော့ သူ့မှာ ဒီအစွမ်းတွေ ရှိလာတယ်လို့ ဆိုတယ်။ ဒီလိုမျိုးဆို မြန်မာလူမျိုးတွေကလည်း သည်းခြေကြိုက် မဟုတ်လား။ ရပ်ဝေးရပ်နီးက လူတွေ လာကြတာမှ အများကြီးပဲ။ ဒီလူနာထဲက ဘယ်နှစ်ယောက် ရောဂါပျောက်လဲတော့ ကျွန်တော်မသိဘူး။ ကလေးကတော့ အဲ့ဒါပြီးတော့ ပျောက်သွားတယ်လေ။ ကျွန်တော် လေးတန်းလောက်တည်းက ပျောက်သွားလိုက်တာ အခု အရွယ်အထိ ဆိုပါတော့ ခင်ဗျာ။
ပျောက်စေဆိုရင် တကယ်ပျောက်သလား
Reviewed by Lone Gyi Pauk Hla
on
October 08, 2017
Rating:
Reviewed by Lone Gyi Pauk Hla
on
October 08, 2017
Rating:

No comments: