ပဲခူးက ကိုယ့်ကိုကိုယ် ပစ္စေကဗုဒ္ဓါလို့ ပြောနေတဲ့ ဘုန်းတော်ကြီး ဦးပဝရကို မနေ့က လူဝတ်လဲလိုက်ပါတယ်။ အဓိက အချက်ကတော့ သာသနာတွင်းမှာ ပစ္စေကဗုဒ္ဓါလို့ ဝန်ခံတဲ့ အကြောင်း ဖြစ်ပြီး နောက်တစ်ခုကတော့ စတုတ္ထပါရာဇိက ကျတာပါ။ ရဟန်းတော်ဟာ ဈာန်မဂ်၊ ဖိုလ် မရပဲ ရတယ်လို့ မပြောရပါဘူး။
ပစ္စေကဗုဒ္ဓါ ဆိုတာ တကယ်တော့ ဘုရားနဲ့အပြိုင် မပွင့်တဲ့ ဘုရားငယ် ဆိုတာ တော်တော်များများ သိကြပါတယ်။ ဒါပေမယ့် အံ့သြစရာ ကောင်းတာက သာသနာတွင်း မှာ ပစ္စေကဗုဒ္ဓါ မပွင့်ပါဘူး ဆိုတာတောင် ဦးပဝရကို ထောက်ခံတဲ့ အဓမ္မဝါဒါနုဝတ္တက လို့ ခေါ်တဲ့ နောက်လိုက်တွေ ရှိနေတာပါ။
ဘုရားမပွင့်တဲ့ သုညကမ္ဘာမှာ ပစ္စေကဗုဒ္ဓါတွေ မပွင့်ကြပါဘူး။ ဘုရားပွင့်တဲ့ ကမ္ဘာတွေမှာမှ ဘုရားတစ်ဆူနဲ့ တစ်ဆူအကြား သာသနာပ အချိန်မှာ ပွင့်လေ့ ရှိတာ ဖြစ်ပါတယ်။ မှတ်တမ်းတွေ အရတော့ နောက်ဆုံးပစ္စေကဗုဒ္ဓါ ဟာ ဂေါတမဗုဒ္ဓအလောင်းအလျာမွေးတဲ့ အချိန်အထိ ရာဇဂြိုလ်မြို့နားမှာ သီတင်းသုံးခဲ့ပါတယ်။
ဘုရားရှင်ဖြစ်မယ့် အလောင်းအလျာ မွေးပြီဆိုတာကို နတ်တွေရဲ့ ပြောစကားတဆင့် သိတော့မှ သူ့သက်တမ်း ကုန်ပြီဆိုတာကို ဆင်ခြင်မိပြီးတော့ ဟိမဝန္တာတောင်ကို ကြွပြီး ပရိနိဗ္ဗာန်ပြုတော်မူပါတယ်။ ပစ္စေကဗုဒ္ဓါဟာ ဘုရားငယ်ဆိုပေမယ့် ဘုရားရှင်လိုမျိုး ပြိုင်ဘက်ကင်းတစ်ပါးတည်းပွင့်တာမျိုး မဟုတ်ပါဘူး။ တစ်ပါးတည်း ပွင့်တာ ရှိသလို ဆယ်ပါး၊ အပါးငါးရာ၊ တစ်ထောင် အဲ့ဒီလို ပွင့်တာမျိုးလည်း ရှိတယ်လို့ ရှေးကျမ်းစာတွေမှာ ဖော်ပြထားပါတယ်။
ပစ္စေကဗုဒ္ဓါချင်တဲ့သူဟာ နံပတ်တစ်အချက် လူသားစင်စစ်ဖြစ်ရပါတယ်။ နံပတ်နှစ်က ယောကျာင်္းဖြစ်ရပါတယ်။ နံပတ်သုံးက ဘုရားဖြစ်စေ၊ ပစ္စေကဗုဒ္ဓါကို ဖြစ်စေ၊ ဘုရားရှင်ရဲ့ သာဝက တစ်ပါးပါးကို ဖြစ်စေ ဖူးတွေ့ရမှာပါ။ နံပတ်လေးက ဘုရားရှင်တွေအတွက် အသက်ကိုစွန့်လှူမယ်ဆိုတဲ့ ကုသိုလ်မျိုး ရှိရပါတယ်။ နံပတ်ငါးကတော့ ဘုရားဖြစ်ဖို့ လွန်ကဲတဲ့ ဆန္ဒရှိခြင်း ဆိုတာမျိုး ရှိရပါတယ်။
ဘုရားငယ်ဖြစ်တဲ့ ပစ္စေက ဗုဒ္ဓါဟာသိတဲ့တရားတွေကို ပြန်မဟောနိုင်ပါဘူး။ ကျမ်းတွေ အရတော့ ဘုရားငယ်ဟာ ဓမ္မရသ ကို မသိဘူးလို့ ဆိုပါတယ်။ အဓိပ္ပာယ်ကတော့ တရားသဘောကို သိပြီး ဖြစ်ပေမယ့် အဲ့ဒီတရားတွေကို ဒေသနာ အစဉ်အနေနဲ့ ပညတ်တင်ပြီးမဟောကြားနိုင်ပါဘူး။
ဓာတ်ပုံ - ခရစ်ဒစ်
နောက်ဆုံး ပစ္စေကဗုဒ္ဓါ မာတင်္ဂ နှင့် ပဲခူးက ပစ္စေက ဗုဒ္ဓါ
Reviewed by Lone Gyi Pauk Hla
on
May 09, 2018
Rating:
Reviewed by Lone Gyi Pauk Hla
on
May 09, 2018
Rating:

No comments: