battleship island ဆိုတဲ့ ကိုရီးယား ရုပ်ရှင်ကား တစ်ကားကိုကြည့်ဖြစ်ခဲ့ပါတယ်။နာမည်နဲ့ လိုက်အောင် ဇာတ်လမ်းကလည်း တကယ်ကို စစ်ပွဲတွေ ကြားထဲ ရှင်သန်ခဲ့ရတွေ အကြောင်း အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ နောက်တော့ ကိုရီးယား လုပ်သားတွေဟာ ဂျပန်ကို တော်လှန်ပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ ဇာတ်လမ်းပါ။ ဒီတော့ ကျွန်တော်က အဲ့ဒီကျွန်းကို စိတ်ဝင်စားလာပါတယ်။ ဒါကြောင့် ကျွန်တော် တူးဆွမိသမျှ ပြန်လည်ဝေမျှ ပါရစေ။
ဒုတိယ ကမ္ဘာစစ်မှာ ဂျပန်တွေက လောင်စာ အရမ်းလိုချင်နေတဲ့ အချိန် စစ်သင်္ဘော ကျွန်းလေးဟာ ကျောက်မီးသွေး ဖြည့်ဆည်းရာ နေရာ တစ်ခု ဖြစ်ခဲ့ပါတယ်။ ပြီးတော့ အဲ့ဒီကျွန်းကို ဂျပန်လို အခေါ်ရှိပါတယ်။ Hashima ကျွန်းပါတဲ့။ ဒါပေမယ့် အများစု ကတော့ စစ်သင်္ဘော ကျွန်းလို့ အမည်ရတဲ့ Gunkanjima လို့ပဲ ခေါ်ကြပါတယ်။ အဲ့ဒီကျွန်းဟာ နဂါဆာကီ မြို့ နဲ့ ကိုးမိုင် အဝေးမှာ တည်ရှိပြီး ကျွန်းပိစိလေးကို ကွန်ကရစ်တွေနဲ့ ချဲ့ထားသလို လှိုင်ဒဏ်က သက်သာစေဖို့ နံရံတွေလည်း ထည့်သွင်းတည်ဆောက်ထားတာကြောင့် ကျွန်းဆိုတာထက် ထောင်တစ်ခုနဲ့ တူတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ တကယ်လည်း ထောင်တစ်ခုသာသာ ဖြစ်ခဲ့တာပါ။
အဲ့ဒီကျွန်းမှာ ၁၈၁၀ ခုနှစ်လောက်က ကျောက်မီးသွေးကို စတွေ့ခဲ့ပြီး ၁၈၈၇ ခုနှစ်ကစပြီး ၁၉၇၄ ခုနှစ်အထိ ကျောက်မီးသွေး ထုတ်ယူခဲ့ပါတယ်။ နောင်မှာ ကျွန်တော်တို့ မစ်ဆူဘီရှီ ဆိုပြီး သိလာမယ့် Mitsubishi Goshi Kaisha ၁၈၉၀ မှာ အဲ့ဒီကျွန်းကို ဝယ်ယူပြီး ပင်လယ်ရေမျက်ပြင်အောက်ကို ကျွန်းကတဆင့် လှိုဏ်ခေါင်းဖောက်ပြီး ကျောက်မီးသွေးတူးဖော်မှုတွေကို အကြီးအကျယ် စတင်လုပ်ကိုင်ခဲ့ပါတယ်။
တူးဖော်ရေး လုပ်ကိုင်ရသူတွေမှာ မသက်သာလှပါဘူး။ အပူချိန် ၃၀ ဒီဂရီဆဲလ်စီးယပ် နဲ့ စိုထိုင်းမှုက ၉၅ ရာခိုင်နှုန်း ရှိတဲ့ ပတ်ဝန်းကျင်မှာ လုပ်ကိုင်ရတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ကျောက်မီးသွေး ထွက်ရင်းနဲ့ ကျွန်းမှာလည်း လူနေထိုင်မှု များပြီး မြို့ငယ်လေး တစ်ခုလို ဖြစ်ပါတယ်။ ကျွန်းမှာလည်း တကယ်ကို မြို့ငယ်တစ်မြို့ အလား ပြည့်စုံလှပါတယ်။ ဘာကြောင့်လည်း ဆိုတော့ လူနေတိုက်ခန်းတွေ၊ ကျောင်းတစ်ခု၊ မူကြိုတစ်ခု၊ မြို့တော်ခန်းမ၊ ဆေးရုံနဲ့ ဆက်သွယ်ရေးခန်းမ အထိ ပါဝင်တိုးမြှင့်နိုင်ခဲ့ပါတယ်။ နောက် မိုင်းတူးလုပ်သားတွေနဲ့ မိသားစုဝင်တွေ အတွက် ရေကူးကန်တွေ၊ ရုပ်ရှင်ရုံတွေလည်း တည်ဆောက်လာခဲ့ပါတယ်။
ဒါဟာ အစပိုင်း ပျော်စရာဘုံလေး ဖန်တီးမှုသာပါ။ နောက်ပိုင်းမှာတော့ သမိုင်းမှာ ချစ်စရာ ဒီကျွန်းလေးအတွက် အမဲစက်တွေ စတင်စွန်းထင်လာခဲ့ပါတယ်။ ၁၉၃၀ လောက်က စပြီး ဒုတိယ ကမ္ဘာစစ်ပြီးတဲ့ အချိန်လောက်အထိ လိုအပ်လာတဲ့ လောင်စာကို တိုးမြှင့်ထုတ်ယူနိုင်ဖို့ ဂျပန်အစိုးရက တစ်နည်းတစ်ဖုံး ထပ်ကြံဆ လာပါတယ်။ အဲ့ဒါကတော့ ကိုရီးယား အရပ်သားတွေနဲ့ တရုတ်အကျဉ်းသားတွေကို အဓမ္မ စေခိုင်းခဲ့ခြင်း ပါတယ်။ ကျွန်တော်တို့ဆီမှာ သံဖြူဇရပ် သေမင်းတမန်ရထားလမ်းဖောက်တုန်းက ချွေးတပ်ဆွဲသလိုပါပဲ။
အဲ့ဒီလို အတင်းအကျပ် စေခိုင်းခံရတဲ့ အလုပ်သမားတွေဟာ မတော်တဆမှု၊ အဟာရချို့တဲ့မှု၊ အလုပ်ပင်ပန်းမှု အဲ့ဒါတွေကြောင့် လူပေါင်း ၁၃၀၀ ကျော်ဟာ အဲ့ဒီ ကျွန်းမှာ အသက်ပေးခဲ့ကြရပါတယ်။
၁၉၆၀ မှာ ကျောက်မီးသွေးအစား ရေနံကို စတင်ပြောင်းလဲ သုံးစွဲပြီးတော့ အဲ့ဒီကျွန်းလေးမှာ လူနည်းလာလိုက်တာ နောက်ဆုံးမှာတော့ ပိတ်ထားတဲ့ အခြေအနေကို ရောက်သွားခဲ့ပါတယ်။ အဲ့ဒီကျွန်းကို ပိတ်ထားရာကနေ ၂၀၀၉ ခုနှစ်မှာ လည်ပတ်လို့ ရအောင် ပြန်ဖွင့်ပေးခဲ့ပါတယ်။
မိတ်ဆွေကို အကြံပေးလိုတာက အရင်ဆုံး battleship island ရုပ်ရှင်ကားကို ကြည့်ပါ။ ပြီးရင် အဲ့ဒီကျွန်းကို စိတ်ဝင်စားလာပါလိမ့်မယ်။ ကျွန်တော်ကတော့ ဂျပန်ရောက်ရင် အဲ့ဒီကျွန်းကို ရောက်အောင်သွားဖို့ စီစဉ်ဖြစ်ပါလိမ့်မယ်။
x
x
battleship island ကို တူးဖော်မိခြင်း
Reviewed by Lone Gyi Pauk Hla
on
October 03, 2017
Rating:
Reviewed by Lone Gyi Pauk Hla
on
October 03, 2017
Rating:



No comments: