ရဟန်းလူထွက် လွယ်မမှတ်နဲ့

(ဗဟုသုတ အလို့ငှာ မျှဝေခြင်း ဖြစ်ပါသည်။ ယခု စာမှာ ကျွန်တော်၏ မူပိုင်မဟုတ်ပါ။)
ယခုခေတ်ကာလ အမျိုးသားများသည် ဒုလ္လဘရဟန်း( ၇)ရက် သက်စေ့ တစ်လ စသည်ဝတ်နေကြလေ၏။ ထိုသို့ဝတ်ရာဝယ် ရဟန်းဖြစ်ဖို့ရန် အင်္ဂါများရှိလေသည်။ ထိုအင်္ဂါတို့နှင့်ပြည့်စုံမှသာ ရဟန်ဖြစ်လေမည်။ အင်္ဂါတို့နှင့်မပြည့်စုံက ရဟန်းမဖြစ်နိုင်။ ထို့အတူ ရဟန်းဝတ်ပြီး လူပြန်ထွက်လျှင်လည်း လူဖြစ်ဖို့ရန်အင်္ဂါတွေ ရှိနေပြန်၏။ ထိုအင်္ဂါတွေနှင့် ပြည့်စုံမှသာ လူဖြစ်မည်။ တစ်ခုတစ်ခုသောအင်္ဂါ ချွတ်ယွင်းခဲ့သော် သင်္ကန်းကို ပယ်စွန့်ပြီး အင်္ကျီအဝတ်အစားများ ဝတ်ထားသော်လည်း လူမဟုတ်။ ရဟန်းပင်ဖြစ်နေ၏။ "လူထွက်တာ လွယ်လွယ်လေးပါ သင်္ကန်းချွတ်ပြီး အဝတ်လဲရင် လူဖြစ်တာပဲ"လို့ လွယ်လွယ်လေးတော့ မမှတ်လိုက်လေနှင့်။
ရဟန်းဝတ်ရာ၌လည်းကောင်း လူထွက်ရာ၌လည်းကောင်း ပြည့်စုံရမည့် အင်္ဂါရပ်များကို သိရှိနိုင်ရန်အတွက် ဖော်ပြပါမည်။ ရဟန်းတို့ရဲ့ ဝိနည်းဥပဒေသကို လူတွေအားချပြတာ ဘာအကျိုးရှိမှာလဲလို့တော့ မတွေးထင်လိုက်ပါနဲ့။ မိမိတို့ရဟန်းပြုသောအခါ ထိုအင်္ဂါရပ်များနှင့် ပြည့်စုံလား? မပြည့်စုံလား? သိနိုင်ရန်အတွက် ဖော်ပြခြင်းဖြစ်သည်။
''သိက္ခာတင် ပဉ္စင်္ဂ''
══════════
သိက္ခာတင် ရဟန်းခံရာ၌ ပြည့်စုံရမည့် အင်္ဂါရပ်များကား (၅)ပါးရှိလေ၏။ ထို(၅)ပါးမှာ "ဝတ္ထု , သီမာ , ပရိသာ , ဉတ်ပါ ကမ္မဝါထည့်။
ပဉ္စင်းမြောက်ရန် အင်ငါးတန် ဖောက်ပြန်ဝိပတ္တိ" ဟူသည်နှင့်အညီ =
၁။ ဝတ္ထုသမ္ပတ္တိ=ရဟန်းလောင်းဟူသော ဝတ္ထုနှင့်ပြည့်စုံခြင်း။
ရဟန်းခံမည့်သူက အသက်၂၀ ပြည့်ရခြင်း။ အမေသတ်ဖူးခြင်းစသော ပဉ္စာနန္တရိယကံကို မကျူးလွန်ဖူးသူဖြစ်ခြင်း။စသည်တို့နှင့် ပြည့်စုံသောရဟန်းလောင်းကို ဝတ္ထုသမ္ပတ္တိ=ရဟန်းလောင်းဟူသော ဝတ္ထုနှင့် ပြည့်စုံခြင်း ဟုခေါ်သည်။
၂။ သီမာသမ္ပတ္တိ=သိမ်နှင့်ပြည့်စုံခြင်း။
သိမ်သမုတ်စဉ်က သိမ်အစစ်ဖြစ်အောင် သမုတ်ထားသော သိမ်ဖြစ်ခြင်း။
၃။ ပရိသာသမ္ပတ္တိ= ပရိသတ်နှင့်ပြည့်စုံခြင်း။
ပရိသတ်နှင့်ပြည့်စုံရမည် ဆိုသည်မှာ-- သိမ်ဆင်းလောင်းဖို့ရန် ပရိသတ်ကို ပြောသည်မဟုတ်။ ရဟန်းခံရာဝယ် သံဃာ့ပရိသတ် ရဟန်းပရိသတ်ကို ဆိုလိုသည်။ ထိုရဟန်းပရိသတ်သည် မဇ္ဈိမဒေသ(အိန္ဒိယနိုင်ငံ)မှာဆို အနည်းဆုံး ၁၀ ပါး။ မြန်မာနိုင်ငံလို ပစ္စန္တရစ်ဒေသဖြစ်လျှင် အနည်းဆုံး ၅ပါးရှိရမည်။ ထိုသို့ရဟန်း ပရိသတ်နှင့် ပြည့်စုံခြင်း။
၎။ ဉတ္တိသမ္ပတ္တိ=ဉတ်၏ပြည့်စုံခြင်း။
ရဟန်းခံရာဝယ် ဉတ် ကမ္မဝါစာ ရွတ်ဖတ်ပေးသော ဆရာတော်က ဉတ်ကို ဌာန် ကရိုဏ်း မှန်ကန်ကျန ပီသစွာ ရွတ်ဖတ်ခြင်း။
၅။ ကမ္မဝါစာသမ္ပတ္တိ= ကမ္မဝါစာ၏ပြည့်စုံခြင်း။
ရဟန်းခံရာဝယ် ကမ္မဝါစာရွတ်ဖတ်ပေးသော ဆရာတော်က ကမ္မဝါစာကို ဌာန် ကရိုဏ်း မှန်ကန်ကျန ပီသစွာ ရွတ်ဖတ်ပေးခြင်း။
အထက်ပါ အင်္ဂါ (၅)ချက်နှင့် ပြည့်စုံလျှင် ရဟန်းဖြစ်ပါပြီ။ ထိုအင်္ဂါ (၅)ချက်တို့တွင် တစ်ချက်ချက် မပြည့်စုံလျှင် ရဟန်းမဖြစ်နိုင်။
ထိုအင်္ဂါ (၅)ချက်တွင် ရဟန်းခံမည့် ရဟန်းလောင်း ပြည့်စုံရမည့်အပိုင်းက နံပါတ် ၁ အချက်သာ။(၎င်း နံပါတ်တစ်အချက်သည် အနည်းငယ်ကျယ်သည်ဖြစ်၍ မရေးတော့ပါ။) ကျန် (၄)ချက်ကား ရဟန်းသံဃာတို့အပိုင်းဖြစ်သည်။
"သိက္ခာချ ဆဠင်္ဂ"
══════════
ရဟန်းသိက္ခာကို ချခြင်း လူထွက်ခြင်း၌လည်း အင်္ဂါ (၆)ပါးရှိပြန်သည်။ ထို ၆ပါးမှာ= ''စိတ် ခေတ် ကာလ ပယောဂနှင့် ပုဂ္ဂလ ဝိဇာ ဤခြောက်ဖြာ သိက္ခာကျကြောင်းတည်း'' ဟူသည်နှင့်အညီ
၁။ စိတ်= လူထွက်တော့မည်ဆိုလျှင် တကယ့်ကို လူထွက်လိုစိတ်ရှိရမည်။ လူထွက်လိုစိတ်ရှိမှ သိက္ခာကျသည် လူဖြစ်သည်။ စိတ်မပါပဲ ပြောင်သလို လှောင်သလို သိက္ခာချလျှင် သိက္ခာမကျ။
၂။ ခေတ်= သိက္ခာချပုံချနည်းကိုပြသော ''ဗုဒ္ဓံ ပစ္စက္ခာမိ= ဘုရားကိုစွန့်ပါ၏။'' ''သိက္ခံ ပစ္စက္ခာမိ= ရဟန်းတို့၏ ကျင့်ဝတ်သိက္ခာကို စွန့်ပါ၏။'' ''ဂိဟီတိ မံ ဓာရေဟိ= ကျွန်ုပ်ကို လူဟု မှတ်ပါ။'' စသော ဝါကျများကို ''သိက္ခာချခေတ်''ဟု ခေါ်သည်။ ထိုခေတ်တွင် ပါဝင်သော ဝါကျများထဲမှ တစ်ခုခုကို မိမိနားလည်သော ဘာသာစကားဖြင့် ပြောဆို သုံးစွဲမှ သိက္ခာကျသည်။
၃။ ကာလ= ''ပစ္စက္ခာမိ- စွန့်ပါ၏။ ဓာရေဟိ-မှတ်ပါလော။'' ဟု ပစ္စုပ္ပန်ကာလဖြင့်ဖြစ်စေ။ ''အလံ-အကျိုးမရှိတော့''စသော အနာမဋ္ဌကာလဖြင့်ဖြစ်စေ။ ရွတ်ဆိုပြောကြားမှ သိက္ခာကျသည်။
စွန့်ခဲ့ပြီ ဟု အတိတ်ကာလ အသံဖြင့်လည်းကောင်း။ စွန့်တော့အံ့ စွန့်တော့မယ် ဟု အနာဂါတ်ကာလ အသံဖြင့်လည်းကောင်း။ ငါ သိက္ခာချလျှင် ကောင်းမှာပဲဟု ပရိကပ္ပအသံဖြင့်လည်းကောင်း။ သိက္ခာချလျှင် သိက္ခာမကျ။
၎။ ပယောဂ= ဗုဒ္ဓံ ပစ္စက္ခာမိ= ဘုရားကိုစွန့်ပါ၏။ စသည်ဖြင့် နှုတ်ကနေ မြွတ်ဆိုပြောကြားမှ သိက္ခာကျသည်။ စာရေး၍ဖြစ်စေ ကိုယ်လက်အမူအရာ ပြ၍ဖြစ်စေ သိက္ခာချလျှင် သိက္ခာမကျ။
၅။ ပုဂ္ဂလ= သိက္ခာချသောပုဂ္ဂိုလ်နှင့် သိက္ခာချသည်ကို နားထောင်သောပုဂ္ဂိုလ် ထိုနှစ်ဦးလုံးပင် ရူးနေသူလည်း မဟုတ်ရ။ ဘီလူးစသည် ဖမ်းစားထား၍ စိတ်လွင့်နေသူလည်းမဟုတ်ရ။ ရောဂါဒဏ်ကို အပြင်းအထန် ခံစားနေရသူလည်းမဟုတ်ရ။ နှစ်ဦးလုံးသည် ပကတိလူသား ရိုးရိုးသားဖြစ်ရမည်။ သို့မှသာ သိက္ခာကျသည်။
၆။ ဝိဇာနန= ''ဗုဒ္ဓံ ပစ္စက္ခာမိ'' စသည်ဖြင့် ခေတ်တွင်းပါဝင်သော စကားတစ်မျိုးမျိုးကို သိက္ခာချသူက ဆိုသည်နှင့်တစ်ပြိုင်နက် ''ဤသူဟာ လူထွက်လိုပေါ့။ လူထွက်နေတာ'' ဟု နားထောင်သူက သိရမည်။ နားထောင်သူ သိနားလည်မှ သိက္ခာကျသည်။
ထိုသို့လျှင် သိက္ခာချ လူထွက်သော် အထက်ပါအင်္ဂါ (၆)ချက်နှင့်ပြည့်စုံမှ သိက္ခာကျသည် လူဖြစ်သည်။ သိက္ခာချသော်လည်း သိက္ခာမကျ လူမဖြစ်လျှင် အင်္ကျီအဝတ်အစားတွေကို ဝတ်ထားသော်လည်း သိက္ခာမကျသောကြောင့် ရဟန်းပင် ဖြစ်နေ၏။ အာပတ်အပြစ်တို့ကို ပြုလုပ်မိလျှင်လည်း ရဟန်းတို့အတိုင်း အပြစ်ဖြစ်နေမည်။ မေထုန်မှီဝဲမှု စသည်ပြုမိလျှင်လည်း ရဟန်းတို့အာပတ်ထုံးစံအတိုင်း ပါရာဇိကကျမည်ဖြစ်သည်။ ပါရာဇိကကျသွားပြီဆိုလျှင် ရဟန်းပြန်ဝတ်ချင်သော်လည်း ဝတ်ခွင့်မရတော့ ရဟန္တာများစွာ ကမ္မဝါစာအကြိမ်ကြိမ် ဖတ်ပေးသော်လည်း ဘယ်လိုမှ ရဟန်းမဖြစ်တော့ပေ။
ထို့ကြောင့် လူထွက်သည့်အခါ အထက်ပါအင်္ဂါရပ်များနှင့် ပြည့်စုံအောင် ပြုရပေမည်။ ဒါမှ လူဖြစ်ပေမည်။ လူထွက်တာ ရဟန်းအထံမှ မဟုတ် ဘယ်သူ့အထံမှာ လူထွက်လူထွက် မိမိလူထွက်နေတာကို နားလည်လျှင်ရသည်။
လူထွက်ပေးသော ဆရာတော်များလည်း သတိပြုသင့်ပေသည်။ လူထွက်မည့်သူ ထိုအကြောင်းအရာတို့ကို နားမလည်လျှင် နားလည်အောင်ရှင်းပြရပေမည်။ ကြောင့်ကြမဲ့ ''ရော့ ဒီလိုဆို ဒါလေး ဆိုလိုက်'' ဟုသာ ဝတ်ကျေတန်းကျေလောက်သာ မပြုသင့်ပေ။
ရဟန်းလူထွက်တာ လွယ်လွယ်လေးပါဟု မထင်သင့် ထိုအင်္ဂါ (၆)ပါးနှင့် ပြည့်စုံမှသာ လူဖြစ်ပါကြောင်း အမျိုးကောင်းသားအပေါင်းတို့........။
အရှင်ကုသလာလင်္ကာရ
ရဟန်းလူထွက် လွယ်မမှတ်နဲ့ ရဟန်းလူထွက် လွယ်မမှတ်နဲ့ Reviewed by Lone Gyi Pauk Hla on October 01, 2017 Rating: 5

No comments:

Powered by Blogger.