Auster ၊ Hawker Sea Fury နဲ့ ၁၉၄၈ - ၁၉၉၀ ကာလ မြန်မာ့လေတပ်

၁၉၄၈ ခုနှစ်ကနေ ၁၉၉၀ အထိ ကာလမှာ မြန်မာ့လေတပ်ရဲ့ ဖွဲ့စည်း၊ တိုးချဲ့၊ တည်ဆောက်ပုံက ကျွန်တော် စိတ်ဝင်စားဆုံး အပိုင်း ဖြစ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ အဲ့ဒီအချိန်မှာ မြန်မာဟာ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ တို့ ဆီကနေ လေယာဉ်တွေ စတင်လက်ခံခဲ့ပါတယ်။ ခေတ်အနည်းငယ်နောက်ကျတဲ့ လေယာဉ်တွေ ဝယ်ယူဖြည့်တင်းခဲ့တာ ဖြစ်ပေမယ့် လေတပ်စွမ်းအင်တိုးမြှင့်ခဲ့တာကိုတော့ ငြင်းပယ်လို့ မရခဲ့ပါဘူး။
မြန်မာ့လေပိုင်ထဲ ဝင်လာတဲ့ တရုတ်ဖြူထောက်ပံ့ရေး လေယာဉ်ကို မြန်မာ့လေတပ်က ဆီးဖြူရီ လေယာဉ်သုံးစီး နဲ့ တိုက်ခိုက်ခဲ့ရတဲ့ ဝေဟင်တိုက်ပွဲဟာ သမိုင်းဝင်ခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ဗိုလ်ပီတာဟာ မြန်မာ့လေတပ် အတွက် ဦးဆုံး အသက် ပေးလှူခဲ့တဲ့ လေသူရဲ ဖြစ်ပါတယ်။
မြန်မာ့လေတပ်ကို ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက် အင်္ဂလိပ်လက်အောက်မှာ စဖွဲ့ခဲ့တာပါ။ ၁၉၄၈ ကျတော့ မြန်မာ့လေတပ်သစ်မှာ Airspeed Oxford အစီးလေးဆယ် (အရေအတွက်ကို အတည်မပြုနိုင်၊ ခန့်မှန်းအရေအတွက်) ၊ de Havilland Tiger Moth ၁၆ စီး၊ Auster လေးစီးနဲ့ Supermarine Spitfires သုံးစီးကို အင်္ဂလိပ်တော်ဝင်လေတပ်မတော်ကနေ လက်ခံရရှိခဲ့ပါတယ်။
ပို့ဆောင်ရေးမှာ တာဝန်ကြီးတွေ ထပ်ဆောင်ခဲ့ကြတဲ့ လေတပ်က ဒါကိုတာ လေယာဉ်တွေကို အခုထိ ရှေ့မီနောက်မီ လူကြီးတွေ သိကြပါသေးတယ်။ ၁၉၅၀ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်မှာ Douglas Dakota လေယာဉ် ကိုးစီးပါဝင်တဲ့ သယ်ယူပို့ဆောင်ရေး တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။
လေတပ်ကို ဖြည်းဖြည်းချင်း တိုးချဲ့လာခဲ့ပြီး ၁၉၅၃ ခုနှစ်မှာ အဆင့်မြင့်ပျံသန်းရေး ယူနစ်အတွက် Havilland Vampire T55s လေယာဉ်တွေနဲ့ မင်္ဂလာဒုံမှာ စတင်ဖွဲ့စည်းခဲ့ပြီး နောင် မကြာခင်မှာ ဒီနေ့ သိနေကြတဲ့ မှော်ဘီ နဲ့ မိတ္ထိလာမှာ စခန်းတွေ ဖွင့်ခဲ့ပါတယ်။
နောက် ၁၉၅၃ ခုနှစ်လောက်မှာပဲ အစ္စရေး ဆီကနေ Supermarine Spitfires လေယာဉ် အစီး ၂၀ ဝယ်ခဲ့ပြီး ၁၉၅၄ လောက်မှာ ဗြိတိန်ဆီကနေ Hunting Provost T-53s လေယာဉ် အစီး ၄၀ (အရေတွက် အတည်မပြုနိုင်) နဲ့ de Havilland Vampire Mark T55s လေယာဉ် ၈ စီး ထပ်ဝယ်ပြီး တိုးမြှင့်ခဲ့ပါတယ်။
၁၉၅၅ မှာတော့ ပြည်တွင်းမှာပဲ လေယာဉ်ပျံ ထိန်းသိမ်းရေး ကို မင်္ဂလာဒုံ မှာပဲ ဆောင်ရွက်နိုင်ခဲ့ပြီး မှော်ဘီအခြေစိုက် အမှတ် ၅၀၁ လေတပ်စခန်း၊ မင်္ဂလာဒုံအခြေစိုက် အမှတ် ၅၀၂ လေတပ်စခန်း တို့ကို ဖွဲ့ခဲ့ပါတယ်။ ၁၉၅၆ ခုနှစ်မှာတော့ Cessna 180 လေယာဉ် ၁၀ စီးကို အမေရိကန် ဆီကနေ ဝယ်ခဲ့ပြီး အဲ့ဒီနှစ်မှာပဲ Bell 47Gs ရဟတ်ယာဉ် ၆ စီးကို ဝယ်ခဲ့ပြီး ပထမဆုံး ရဟတ်ယာဉ် ယူနစ်ကို ထူထောင်နိုင်ခဲ့ပါတယ်။
နောက်နှစ်ကျတော့ ဗြိတိန်ဆီကနေ Hawker Sea Fury လေယာဉ် ၂၁ စီးနဲ့ ရေပေါ်မှာ ဆင်းရတဲ့ de Havilland Canada DHC-3 Otter လေယာဉ် ၉ စီးကို ကနေဒါဆီကနေ လက်ခံရရှိခဲ့ပါတယ်။ ၁၉၅၈ မှာတော့ အမေရိကန်က Kawasaki Bell 47G ရဟတ်ယာဉ် ခုနှစ်စီး၊ Vertol H-21 Shawnees ရဟတ်ယာဉ် ၁၃ စီး ရခဲ့ပြန်ပါတယ်။ (စကားမစပ် Vertol H-21 Shawnees ရဟတ်ယာဉ်က ကျွန်တော် နှစ်သက်တဲ့ ရဟတ်ယာဉ် ခင်ဗျ။ အဲ့ဒါရဲ့ ပုံစံငယ်တော့ အခုထိ ရှာနေတုန်းပဲ။)
နောက်ငါးနှစ်ကြာတော့ မိတ္ထီလာမှာ အမှတ် ၅၀၃ လေတပ်စခန်းကို ဖွင့်ခဲ့ပြီး de Havilland Canada DHC-3 Otters လေယာဉ်နဲ့ Cessna 180s လေယာဉ်တို့ ပါဝင်တဲ့ အမှတ် ၅၁ တပ်ဖွဲ့ကို ဖွဲ့ခဲ့ပြီး Bell 47Gs ရဟတ်ယာဉ်၊ Kaman HH-43 Huskie ရဟတ်ယာဉ် နဲ့ Aérospatiale Alouettes ရဟတ်ယာဉ်တို့ ပါတဲ့ အမှတ် ၅၃ တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပြန်ပါတယ်။
၁၉၆၂ ခုနှစ်မှာတော့ မင်္ဂလာဒုံမှာ ရေဒါစခန်းကို စဖွင့်ခဲ့ပြီး ရွေ့လျားရေဒါစခန်းကို လွယ်မွေမှာ ဖွင့်ခဲ့ပါတယ်။ ၁၉၆၄ ခုနှစ် ကျတော့ မြန်မာ့လေတပ်မှာ အရာရှိ ၃၂၄ ယောက်နဲ့ အခြား အဆင့် ၅၆၇၇ ယောက် ရှိနေခဲ့ပါပြီ။ အခြား ရေဒါစခန်းတွေ ထပ်ဖွင့်တာတွေ တိုးမြှင့်တာတွေ ဆက်လုပ်ခဲ့ပြီး ၁၉၆၆ မှာတော့ အမှတ် ၁ လေကြောင်းချီ တပ်ရင်းမှာ အရာရှိ ၇၆ ယောက် နဲ့ အခြား ၇၅၀ ယောက်ကို ထည့်သွင်းပြီးဖွင့်လှစ်ခဲ့ပါတယ်။
၁၉၆၇ ခုနှစ်မှာတော့ လေတပ်ရဲ့ ဖွဲ့စည်းပုံကို ပြင်ပါတယ်။ မင်္ဂလာဒုံ၊ မှော်ဘီနဲ့ မိတ္ထီလာတို့က လေတပ်အခြေစိုက် စခန်းတွေ ဖြစ်လာခဲ့ပြီး ကျိုင်းတုံနဲ့ လာရှိုးမှာ လေတပ် ထားခဲ့ပြီး ဒီကတဆင့် ဗမာပြည်ကွန်မြူနစ်ပါတီကို လေတပ်က ရင်ဆိုင်ခဲ့ပါတယ်။
၁၉၇၅ ခုနှစ်မှာ နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အစီစဉ် အရ Bell 205A ရဟတ်ယာဉ် ၁၈ စီးနဲ့ Bell 206B ရဟတ်ယာဉ် ၇ စီးကို အမေရိကန်ဆီကနေ လွဲပြောင်းလက်ခံ ရရှိခဲ့ပါတယ်။ အီတလီ ကနေ SIAI-Marchetti SF.260 လေ့ကျင့်ရေး လေယာဉ် အစီး ၂၀ ကို ထပ်တိုး ဝယ်ယူခဲ့ပါတယ်။
ထက်အောင်ကျော်ဌေး
Ref - Wikipedia


Auster ၊ Hawker Sea Fury နဲ့ ၁၉၄၈ - ၁၉၉၀ ကာလ မြန်မာ့လေတပ်  Auster ၊ Hawker Sea Fury နဲ့ ၁၉၄၈ - ၁၉၉၀ ကာလ မြန်မာ့လေတပ် Reviewed by Lone Gyi Pauk Hla on November 03, 2017 Rating: 5

No comments:

Powered by Blogger.