13 Friday

ဒီ စာကို ရေးတဲ့ ရက်ဟာ သောကြာနေ့ ၁၃ ရက် ဖြစ်ပါတယ်။ အနောက်တိုင်း မှာတော့ 13 Friday ကို တချို့တော်တော်လေး ကြောက်ကြတာ သတိထားမိပါတယ်။ သူတို့က အဲ့ဒီနေ့မှာ သွားစရာ၊ လာစရာ ရှိတာနဲ့ အလုပ်လုပ်တာကို သတိထား ရှောင်ကြတယ်။ အခုနောက်ပိုင်းဆို အဲ့ဒီအကျင့်ဟာ အာရှတိုက်က ကျွန်တော်တို့ ဘက်ဆီပါ ကူးစက်လာပြီး သတိထားကြတာ တွေ့မိပါတယ်။
၁၃ ဂဏန်းကိုလည်း ကြောက်ကြပါတယ်။ အဲ့ဒီလို ကြောက်တာကလည်း သြချလောက်စရာပါ။ အနောက်နိုင်ငံက တချို့ ဓာတ်လှေကားတွေမှာ ၁၃ ထပ်သွားဖို့ နှိပ်စရာ ခလုတ်မထားပါဘူး။ ပြီးတော့ လှေကားထစ် ၁၃ ထစ် မထားပါဘူး။
သောကြာနေ့နဲ့ ၁၃ ရက် တိုက်ဆိုင်ပုံကို ကြောက်ကြတဲ့ အကြောင်းက များစွာ ရှိပါတယ်။ ခရစ်တော် ရဲ့ နောက်ဆုံးညစာစားပွဲမှာ သစ္စာဖောက် တပည့်
ဖြစ်တဲ့ ဂျူးဒ က ၁၃ ယောက်မြောက် အဖြစ် တက်ရောက်လာတာ ဖြစ်ပြီး ခရစ်တော် လက်ဝါးကပ်တိုင်ပေါ် တက်တဲ့ နေ့ ဟာ သောကြာနေ့ ဖြစ်လို့ ကံဆိုးစေတဲ့ နေ့တစ်နေ့ အဖြစ်ကြောက်ကြတယ်လို့ ဆိုပါတယ်။ နောက်ထပ် 13 Friday နဲ့ ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီးပြောဆိုကြတာတွေ ရှိပေမယ့် ဖော်ပြပါ ဖြစ်ရပ်ကတော့ အထင်ရှားဆုံး ဖြစ်ပါတယ်။
အမှန်တော့ တကယ့်ဖြစ်ရပ်ကြီး တချို့ဟာ 13 Friday မှာ ဖြစ်ဖူးတာကြောင့်လည်း ပိုကြောက်ကြတာ ဖြစ်ပါလိမ့်မယ်။ အက်ဇ်တက် (Aztec) အင်ပါယာ ဟာ အဲ့ဒီနေ့မှာ ပျက်ပါတယ်။ သမိုင်းမှာ နာမည်ကြီးသူရဲကောင်းတွေ ဖြစ်တဲ့ Templar တွေဟာ အဲ့ဒီနေ့မှာ အသတ်ခံခဲ့ရပါတယ်။ Uruguayan Flight571 ဟာ အဲ့ဒီနေ့မှာ ပျက်ကျပြီး လူ ၂၇ ဦး သေပါတယ်။ အဲ့ဒီနေ့ ဖြစ်တာတွေက နောက်ထပ်အများကြီး ရှိပါသေးတယ်။ ဒီလို အကြောက်တရားတွေကြောင့် အမေရိကန်မှာ 13 Friday ရောက်ရင် ငွေဆုံးရှုံးမှုတွေ ဖြစ်ကြရပါတဲ့။ အဲ့ဒီနေ့ကို ရှောင်ပြီး အလုပ်လုပ်မလုပ်ကြသူတွေကြောင့်လေ 
ဒီနေ့ကို မကောင်းဆိုးဝါးတွေနဲ့ ပတ်သက်ပြီးတော့ ဆက်နွှယ်တဲ့ နေ့တစ်နေ့ အဖြစ် သတ်မှတ်ကြပါသတဲ့။ ဒါကြောင့် မှော်ပညာဆိုင်ရာ အစီအရင်တချို့ကို ဒီလိုနေ့မှာ လုပ်ကြသတဲ့။
ဒါပေမယ့် ထူးထူးခြားခြား စပိန်စကားပြော နိုင်ငံတချို့မှာတော့ အဲ့ဒီနေ့ကို Lucky Day အဖြစ် သတ်မှတ်ကြပါတယ်တဲ့ ခင်ဗျာ။
13 Friday 13 Friday Reviewed by Lone Gyi Pauk Hla on October 13, 2017 Rating: 5

No comments:

Powered by Blogger.